၁။မေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်း
သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် ၌ ဂေါတမ မြတ်စွာ ဘုရား သီတင်းသုံး စံနေတော်မူစဉ် ငါးရာသော ရဟန်းအစု တစ်စုသည် တစ်ခုသော ဝါဝင်ခါနီး ကာလ၌ မြတ်စွာဘုရား သခင်အား ဖူးမြော် ရှိခိုး၍ ကမ္မဋ္ဌာန်း နိဿယများယူကာ တောအုပ် တစ်ခုတွင် ဝါ ဆိုလျက် ကမ္မဋ္ဌာန်း တရားအားထုတ်ကြလေသည်။
ရဟန်းတော် များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ် တွင်းရှိ သစ်ပင် ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မူကြလေသည် ။ထို အချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေဝံ့ကြ သဖြင့် မြေပြင်တွင် ဆင်း၍ ဒုက္ခ ခံ ကာ နေထိုင်ကြရလေသည်။
အချို့ ရုက္ခ စိုး များမှာ ကလေး ငယ်များ ရှိကြသဖြင့် ရဟန်းတော်များတစ်နေ့ ပြန်နိုး တစ်ရက်ပြန်နိုး စောင့်စား နေ ပါသော်လည်း ရုတ်တရက် မပြန်တော့သဖြင့် အချင်းချင်း ညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ ကြောက်လန့်ထွက်ပြေးစေ ရေး အတွက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီး သဏ္ဌာန် ပြ၍ လည်းကောင်း ၊ ထိတ်လန့်ဖွယ်ရာ အပုပ်နံ့ကြီးများဖြင့် လည်းကောင်း ခြောက်လှန့်ဖျက်ဆီးကြတော့သည်။
ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရ သည် ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာ ကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့် အဆုံးခေါင်းဆောင်မထေရ် ကြီးအား အသိပေးလျက် မြတ်စွာဘုရား ရှိရာ သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် သို့ ပြန်လာခဲ့ကြလေသည်။
ဘုရားသခင်၏ ရှေ့ မှောက်၌ ဖြစ်ပျက်ပုံ အကြောင်းများ ကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရား က ရဟန်းငါးရာ တို့ကို မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းကြစေရန် မေတ္တာ သုတ်တော်ကို ဟောဖော်သင်ကြား၍ ယင်းတောအုပ် သို့ပင် ပြန်လည် စေလွှတ်လိုက်လေသည်။
မေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်း၍ မေတ္တာ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ် သွားသော ရဟန်းတော်ငါးရာ ကို ရုက္ခစိုး နတ်တို့သည် မနာလို စိတ်များ ပျောက်ကွယ်၍ လူသဏ္ဌာန် ဖန်ဆင်းလျက် ခရီးဦးကြိုသူကြို ၊ ခြေဆေးသူဆေး ၊ သပိတ်ပွေ့သူက ပွေ့ နှင့် လုပ်ကျွေးကြကာ ဝါကျွတ်သည့် အခါတွင် ရဟန်းငါးရာ တို့မှာ ကောင်းစွာ တရားထူးရသည် မှ စ၍ မေတ္တာ သုတ်တော်ဖြစ်ပေါ်ရွတ်ဖတ်ခဲ့ကြပါသတည်း။ဤကားမေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်း ဖြစ်ပေ
တည်း။
No comments:
Post a Comment